လွမ်းဖွယ့် မိတ်ဆွေများ

(ပန်းချီ စံတိုး - ၁၉၄၁ - ၂ဝဝ၂)

ဦးဖေငယ်

ဇန်နဝါရီ ၁၂၊ ၂၀၀၉

ဒီနေ့ (တနင်္ဂနွေ) ။ ဆရာ စံတိုးက ဆရာဝန်များ အသင်းတိုက်မှာ … မှာ ညနေ ၃ နာရီ ပန်းချီကား ယူလာပြီး စောင့်နေမယ်လို့ ချိန်းထားတယ်။ မပျက်မကွက် ဆက်ဆက် လာခဲ့ပါ။ သူ့အတွက် ပန်းချီအပ်ဖို့ ရှိရင်လည်း ယူလာခဲ့ပါတဲ့ …

သင့်

မောင်ခေတ်ထွန်း

၈/ ၈/ ၉၉

၁၂:၃ဝ နာရီ

တနေ့က စာအုပ်တွေ ရှင်းရင်းနဲ့ တရုတ်ကြီး မောင်ခေတ်ထွန်း ရေးလိုက်တဲ့ စာကို တွေ့လိုက်မိတယ်။ ၁၉၉၉ ခုနှစ်က ဖြစ်တယ်။ လုံးချင်း စာအုပ်တွေ ပြန်ရေး ဖြစ်တယ်။ နှစ်သုံးဆယ် ကျော်လောက် မရေးဖြစ်ခဲ့ဘူး။ ကာလဒေသ အကြောင်းကြောင်းသော ဖြစ်ရပ်များကြောင့် စာအုပ်တွေ မထုတ်ဖြစ်ခဲ့ဘူး။

ဒါနဲ့ပဲ ၁၉၉၉ ခုနှစ်မှာတော့ ‘ကျွန်ဖြစ်ဖို့ ကြုံလာတော့’ စာအုပ်ကို အားမာန်သစ်က ထုတ်ဝေဖို့ ဖြစ်လာခဲ့တယ်။ အဲဒီ စာအုပ်ကို အားမာန်သစ်က ထုတ်ဝေဖို့ ဖြစ်လာခဲ့တယ်။ အဲဒီ စာအုပ် အဖုံးကို ကိုစံတိုးပဲ အပ်ဖို့ ထုတ်ဝေသူ ကိုညိုမှိုင်း (အားမာန်သစ်) က အကြုံပြုတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ရဲ့ စာအုပ် အဖုံးများကို ကိုစံတိုးပဲ ရေးဆွဲ ပေးခဲ့ပါတယ်။

သည်တုန်းက ထုတ်ဝေသူများ လောကမှာ ကြာတိုး (ကိုစံတိုး)၊ ကြာသုန် (ကိုဝသုန်)၊ ကြာသိုက် (ကိုမောင်မောင်သိုက်)၊ ကြာညို (ကိုညိုဝင်း)၊ ကြာမျင့် (ကိုတင်မောင်မျင့်) ရယ်လို့ ကြာဆရာများ ကျော်ကြားနေပါတယ်။

ဒါကို စာရေးဆရာများ၊ ထုတ်ဝေသူများ ကတော့ အမှတ် မရှိကြပါဘူး။

သူတို့နဲ့ လိုက်ဖက်မယ့် ပန်းချီ ဆရာကိုတော့ သည်းခံပြီး အပ်ကြတာပဲ။ သူတို့ ဆိုးမှန်း သိပေမယ့် သူတို့ ဘဝ၊ သူတို့ရဲ့ အခက်အခဲ ဖြတ်သန်းမှုတွေကို သိထားကြတော့ ခွင့်လွှတ်ကြရတာပဲလေ။

ဒါပေမဲ့ သူတို့ အားလုံးဟာ ကတိ မတည်ကြဘူး။ ဆက်ခြေလက်ခြေ အများကြီး ပေးနိုင်ကြတဲ့ သူတွေချည်းပဲနော့။

ကိုစံတိုး ဆိုရင်လည်း စက္ကူဖြူ တရွက်ပေါ်မှာ ‘ဒီလို ရေးပြလိုက်မယ်’ ဆိုပြီး ခပ်တည်တည်နဲ့ ပြီးဖူးတယ် သိသိနဲ့ပဲ ခံရဖူးတယ်။ ဒါကိုပဲ ကျေနပ် နေရတာပဲပေါ့။ ဒါနဲ့ပဲ ‘ကျွန်ဖြစ်ဖို့ ကြုံလာတော့’ အဖုံးကို အပ်ဖို့ ဆရာ မောင်ခေတ်ထွန်းနဲ့ အတူ ကိုစံတိုးရဲ့ အိမ်ကို သွားခဲ့တယ်။ ကျွန်တော် စာအုပ် ပြန်ရေးပြီ ဆိုတာ သိလိုက်တာနဲ့ သူအဖို့ တော်တော်လေး ဝမ်းသာရှာတယ်။

ဝမ်းသာမှု၊ ကျေနပ်မှု၊ အားရမှု အရိပ်များဟာ သူ့ မျက်နှာပေါ်မှာ အထင်းသား ရှိနေတယ်။

‘ချဗျာ မရေးဖြစ်ခဲ့တဲ့ ကာလတွေထက် သုံးဆလောက် ပိုးပြီး ရေးစမ်းပါ’ လို့လည်း အားပေးခဲ့တယ်။ အဲဒီ စာအုပ် အဖုံး အတွက် ကိုစံတိုးက နှစ်ပတ် အချိန် တောင်းတယ်။

ကိုစံတိုးနဲ့ ကျွန်တော် ဆက်ဆံရေးက တမျိုးပါ။ အလုပ်အပ်တာနဲ့ ရက်အကန့်အသတ်ကို ပေးတယ်။ ပြီးမှ သူပြီးနိုင်မယ့်ရက်ကို ညှိပေးတယ်။ ဒါနဲ့ ကျွန်တော်က နှစ်ပတ်တော့ ကြာလွန်းတယ်။ ၉ ရက်နဲ့ ပြီးအောင် ရေးပေး။ ၉ ရက်နဲ့ ပြီးရင် ဆရာဝန် အသင်းမှာ အဝ တိုက်မယ်လို့ စိန်ခေါ်လိုက်တယ်။

သည်တင်မှာပဲ ဖြူဖြူနုနု ပန်းရောင်ပြေးနေတဲ့ သူမျက်နှာဟာ ရုတ်ခြည်း နီထွေးသွားတယ်။

‘ကောင်းပြီလေ စိန်လိုက်’ ဆိုပြီး ဆရာ မောင်ခေတ်ထွန်း သက်သေတည်ပြီး ရက်ချိန်း ပေးလိုက်တယ်။ ချိန်းသာ ချိန်းလိုက်ရတယ်။ ကျွန်တော်ကတော့ လုံးဝ မထင်ပါဘူး။ ဆရာ မောင်ခေတ်ထွန်းဟာ စာနဲ့ ရေးပြီး ဆရာဝန် အသင်းမှာ ကြိုတင် ချိန်းပေမယ့် မသေချာပါဘူးပေါ့။

ဒါနဲ့ပဲ ချိန်းတဲ့နေ့မှာ ဆရာဝန် အသင်းတိုက်ကို သူတို့ထက် စောအောင်ဆိုပြီး နာရီဝက် ကြိုစောပြီး ထွက်ခဲ့တယ်။ တကယ်ပါပဲ။ အဲဒီနေ့က ကျွန်တော့်ထက် ကြိုစောပြီး ကိုစံတိုးနဲ့ မောင်ခေတ်ထွန်းတို့ ရောက်နှင့် နေခဲ့ပြီလေ။

ကိုစံတိုးနဲ့ ကျွန်တော် သိကျွမ်း ခင်မင်လာခဲ့တာ နှစ်ပေါင်း လေးဆယ်နီးပါး ရှိခဲ့ပါပြီ။

ဒီတကြိမ်သာ အမြန်ဆုံးနဲ့ နောက်ထပ် ရက်ချိန်းများ လုံးဝ မပါရှိဘဲ ပြီးဆုံး ခဲ့ပါတယ်။

ဒါတွေဟာ နိမိတ်တွေများလား ဗိုလ်တိုးရယ်။

အဲဒီ ချိန်းထားတဲ့ နေ့မှာပဲ၊ ဆရာ မောင်ခေတ်ထွန်းရယ်၊ ဗိုလ်တိုး၊ ကျွန်တော်တို့ သုံးယောက် ဆုံမိခဲ့ကြတယ်နော်။

အဲဒီနေ့က ဘီယာတောင် မသောက်တဲ့ ကျွန်တော်ကို ခင်းဗျား အားနာ နေရော့သလားဗျာ။

ခါတိုင်းလောက် မသောက်ဘဲ စကားများများသာ ပြောနေတဲ့ ခင်ဗျားရဲ့ ရုပ်အသွင်ဟာ ခုထိ မြင်ယောင် နေမိပါတယ်။ ‘တခုခုတော့ ချဗျာ’ ဆိုပြီး ထပ်တလဲလဲ ပြောနေခဲ့တယ်နော်။

အဲဒီနေ့က ခင်ဗျား အသွင်ဟာ တကယ်ပဲ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းပါပဲ။

ဒီနောက်ပိုင်း ကျွန်တော်တို့ သုံးယောက်ဟာ ဆရာဝန် အသင်းမှာ မကြာခဏ ဆုံခဲ့ကြတယ်နော်။ အိုရီယင့်မှာလဲ စနေတိုင်း ထိုင်ခဲ့ကြတယ်နော်။ ခုထိ အများဆုံး ဒုက္ခပေးနေတဲ့ သူကတော့ ဆရာ မောင်ခေတ်ထွန်းပဲလေ။

သူ့ရဲ့ ဘီယာဗိုက်ကို ရင်ဝယ်ပိုက်ပြီး အပေါ်ဆုံး ထပ်မှာ နေနေရတဲ့ ကျွန်တော့်ကို လာပြီး ဆွဲခေါ်နေတတ်တယ်။ ပြီးတော့ ဘီယာ တိုက်ခိုင်းနေတုန်းပဲ။

ဗိုလ်တိုးရေ ၁၉၇၅ ခု၊ ဒီဇင်ဘာလက ခင်ဗျား ရေးပေးခဲ့တဲ့ ‘ကနောင်မင်းသားနဲ့ မြင်ကွန်းမြင်းခုံတိုင်’ အဖုံးဟာ အခု ‘ကံကော်ဝတ်ရည်’ စာအုပ်တိုက်က ထုတ်ဝေပြီးခဲ့ပါပြီ။ ခင်ဗျား ဝမ်းသာပါတော့။

တကယ်တော့ ခင်ဗျားဟာ ပန်းချီ ပညာရှင်သာ မကဘူး။ စာရေးဆရာ တယောက်လည်း ဖြစ်တယ်လေ။

ငွေတာရီ မဂ္ဂဇင်းမှာ ခင်ဗျား ရေးခဲ့တဲ့ ‘ဆရာကြီး ဖေမောင်တင်နှင့် နိဗ္ဗာန်လမ်း’ ဆောင်းပါးဟာ ကျွန်တော့် ရင်ထဲမှာ စူးစူးနစ်နစ် ဝင်ခဲ့တယ်။

တခြား မဂ္ဂဇင်းတွေမှာလည်း ခင်ဗျား ရေးခဲ့သေးတယ်နော်။

ခင်ဗျား နောက်ဆုံးရေးခဲ့တဲ့ ပုံတူ ဆီဆေး ပန်းချီကားကတော့ တကယ့်ကို မှတ်မှတ်ရရ ဖြစ်စေခဲ့ပါတယ်။ ၂ဝဝ၂ အောက်တိုဘာလမှာ ကုလသမဂ္ဂ ပိုစတာ ပြပွဲ ကျင်းပရေး ကော်မတီက အပ်နှံခဲ့တဲ့ ပုံတူကားပဲ။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ပထမဆုံး တာဝန် ထမ်းဆောင်ခဲ့တဲ့ ‘မစ္စတာ ထရီဗီလီ’ ပုံတူ ဆီဆေး ပန်းချီကားပဲ ဖြစ်တယ်။ အဲဒီ ပန်းချီကားဟာ ခင်ဗျား အတွက် နောက်ဆုံးရေးချက်။ မှတ်မှတ်ရရ ဖြစ်ရသလို၊ ကျွန်တော်တို့ အတွက်ကတော့ ရင်ထဲမှာ တမြေ့မြေ့ ဖြစ်နေရတာပါပဲဗျာ။

လွမ်းတယ်ဗျာ။

ကျွန်တော်တို့ ရင်းနှီးစွာ နေခဲ့ကြတဲ့ အချိန်တွေမှာ နားလည်မှု အသိတွေနဲ့ နေခဲ့ကြတာနော်။ မျက်နှာဖုံး ပုံတပုံကို လနှင်ချီပြီး တမေ့တမော ကြာတတ်ခဲ့တဲ့ ခင်ဗျားဟာ ခုတော့ လူ့လောကမှာ ဘာဖြစ်လို့ အကြာကြီး မနေခဲ့ရတာလဲ ဗိုလ်တိုးရယ်။

ဒါကလည်း ကိုခေတ်ထွန်း ရေးပေးခဲ့တဲ့ စာလေးကို ပြန်ဖတ်ရင်းက၊ ကျွန်တော့် ရင်ထဲမှာ မချိတော့လို့ ရေးလိုက်တာပါ ဗိုလ်တိုးရယ် …။

(ပန်းချီ စံတိုး - ၁၉၄၁ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့ တောင်စွန်း ပေါက်တော ကျေးရွာမှာ အဖ ဦးဘိုးစီ၊ အမိ ဒေါ်စောရွှေတို့က မွေးဖွားခဲ့တယ်။ ၂ဝဝ၂ အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေ ၃:၄၅ မှာ ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန် အနိစ္စ ရောက်ခဲ့တယ်။ ဇနီး ဒေါ်ခင်လှမြင့်နဲ့ သား နှစ်ဦး၊ သမီး တဦး ကျန်ရစ်ခဲ့တယ်။)

(မေတ္တာဖြင့်)

မောင်ဖေငယ်

(Credit – Article made courtesy from BIT Team, India)

Leave a Reply

You must be logged in to post a comment.


echo '';