မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၄
မှတ်စုမှတ်တမ်း
ဇန်နဝါရီ ၁၁၊ ၂၀၀၉
ဘီအေအောင်ပြီးနောက်
ပါပါ့ အစ်မကြီးရှိရာ ပခုက္ကူမြို့ကို မြင်းခြံမှ တဆင့် ပါပါ ရောက်ရှိပါတယ်။ ရန်ကုန်မှ မြင်းခြံသို့ မီးရထားနှင့် သွားပြီး၊ မြင်းခြံမှ ပခုက္ကူသို့ မီးသင်္ဘောနှင့် သွားရပါတယ်။ ပခုက္ကူကို နံနက်ပိုင်းမှာ ရောက်ရှိပါတယ်။ ပါပါ ဘယ်နေ့ရောက်မယ်ဆိုတာ ပါပါ့အစ်မကြီး ကြိုတင်မသိလို့ ပါပါ့ကို လာမကြိုပါ။ ပါပါလည်း အစ်မကြီး နေထိုင်ရာ အောင်သကန် ရပ်ကွက်သို့ မြင်းလှည်းစီးပြီး သွားပါတယ်။ ပါပါ့ အစ်မကြီး နေသော အိမ်ကို မေးမြန်းပြီးရောက်သွားတော့ ပါပါ့ အစ်မကြီးကို မတွေ့ပါ။ အချိန်က နံနက်၉ နာရီထိုး ပြီးဖြစ်ပါတယ်။ ပါပါ့အစ်မကြီးက နံနက် ၈ နာရီအချိန်မှာ မြို့ထဲသွားပြီး အလုပ်ဆင်းရပါတယ်။ နေ့လည် အိမ်ပြန်ရောက်မှပဲ ပါပါ တွေ့ရပါတယ်။
ပါပါ အစ်မကြီးနှင့်အတူ အခြားကျန်းမာရေး ဆရာမတယောက်လည်း ရှိပါတယ်။ သူတို့ နှစ်ယောက် တအိမ်ထဲ မှာနေပြီး အိမ်ဖော်မထားဘဲ ကိုယ့်ထမင်း ကိုယ် ချက်စားကြပါတယ်။ သူတို့အလုပ်က မြို့ထဲ သွားပြီး ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေးများကို လိုက်လံကြည့်ရှုရပါတယ်။ နံနက်တိုင်း လိုက်လံ ကြည့်ရှုပြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ အစီရင်ခံရပါတယ်။ အဖွဲ့ဥက္ကဋ္ဌဟာ အရေးပိုင် (ခရိုင်ဝန်) ကတော် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အရေးပိုင် (ခရိုင်ဝန်) ဖြစ်သူမှာ မြန်မာ အမျိုးသား ဖြစ်ပါတယ်။ ပါပါ့အစ်မကြီး အလုပ်ဆင်းတဲ့အခါ တခါတလေ ပါပါ လိုက်သွားပါတယ်။ ပခုက္ကူမြို့မှာ နေထိုင်တဲ့ လူတွေဟာ ခပ်များများ မျက်ခမ်းစပ်ရောဂါ ရှိတာကို ပါပါ တွေ့ခဲ့ရပါတယ်။
၁၉၃ရ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ဘီအေ (ဝိဇ္ဇာ)အောင်စာရင်း ရန်ကုန်မှာ ထုတ်ပြန် ကြေညာပါတယ်။ ပါပါ ပခုက္ကူရောက်ပြီး တပတ်အကြာမှာ ဖြစ်ပါတယ်။ ဘီအေစာမေးပွဲ ဖြေဆိုထားတဲ့ ပခုက္ကူ ကျောင်းသားတွေဟာ သူတို့ အောင်ကြောင်း ရန်ကုန်မှ အသိတွေဆီက သံကြိုးလာတော့ ဝမ်းသာနေကြတယ်။ ပါပါက ရန်ကုန်က အသိတွေကို ကြိုတင်အကြောင်းမကြားထားတော့ ပါပါ့ဆီကို သံကြိုး မလာဘူး။ မတ်လ ၁ဝ ရက်နေ့မှာ ရန်ကုန်က သတင်းစာလာတော့မှပဲ ပါပါ ဘီအေစာမေးပွဲ အောင်ကြောင်း သိရပါတယ်။
ပခုက္ကူမြို့မှာ ပါပါ နှစ်လနီးပါး ကြာခဲ့တယ်။ မြို့ဟာ အလွန်မှ ပူအိုက်ပါတယ်။ ပါပါ ညဆိုလျှင် ကောင်းမွန်စွာ အိပ်လို့မရဘူး။ အိပ်ရင်း လည်ပင်းမှာ ချွေးတွေစီးလို့ ထပြီး ပါပါ သုတ်ရတယ်။ မြို့ထဲမှာ သစ်ပင် ဝါးပင်ဆိုလို့ မန်ကျည်းပင်နဲ့ တမာပင်ပဲ ရှိတယ်။ ဖုန်လည်း ထူပါတယ်။ ညဆို ခြင်လည်း ကိုက်ပါတယ်။ တခါတလေ သဲမုန်တိုင်း ကျတတ်ပါတယ်။
တနေ့ မွန်းလွဲပိုင်း ပါပါ ဗုဒ္ဓကုန်းမှအပြန် ချောင်းကူးတံတားပေါ် အလယ်လောက်မှာ သဲမုန်တိုင်းမိလို့ ပါပါ တော်တော်လေး ခံလိုက်ရပါတယ်။ တကိုယ်လုံး သဲတွေ ကပ်နေပါတယ်။ ဒါတောင်မှ ပြင်းပြင်းကလေး နာရီဝက်လောက်ပဲ လေကတိုက်လို့ တော်ပါသေးတယ်။ ပါပါ ပခုက္ကူမှာနေစဉ် ပခုက္ကူသားတွေကြိုက်တဲ့ နာမည်ကျော် အစာနှစ်မျိုးကိုလည်း စားခဲ့ပါတယ်။ ဘာအစာလဲဆိုတော့ ယုန်သားခြောက်နှင့် ပဒပ်သား ဖြစ်ပါတယ်။ ခပ်ကြွပ်ကြွပ်ကလေး ကြက်သွန်ဖြူနှင့် ကြော်လျှင် အလွန်မှ စားကောင်းပါတယ်။ ပခုက္ကူသားတွေ ကြိုက်သလို ပါပါလည်း အလွန် ကြိုက်ပါတယ်။
နောက်ပိုင်း ပါပါ ဝန်ကြီး နဲ့ သမ္မတ ဖြစ်လာတဲ့အခါ ပခုက္ကူက ယုန်သားခြောက်နှင့် ပဒပ်သားကို မှာစားပါတယ်။ ပါပါကို အများဆုံး ပေးစားတဲ့လူကတော့ ကွယ်လွန်သွားသော ပခုက္ကူသား မြင်းဝိဇ္ဇာ ဦးဘကျားပဲ ဖြစ်ပါတယ်။
သင်္ကြန်အပြီး မေလကုန်ခါနီးမှာ ပါပါ ရန်ကုန်သို့ ပြန်ဆင်းလာခဲ့ပါတယ်။ ဘီအေအောင်ပြီး ဖြစ်၍ အလုပ်ရှာရန်အတွက် ဖြစ်ပါတယ်။ ရန်ကုန်ရောက်တော့ စာမေးပွဲအောင်တဲ့ ပါပါ မိတ်ဆွေတချို့နဲ့ တွေ့တယ်။ ပါပါ့လိုပဲ အလုပ်ရှာတဲ့လူက ရှာပါတယ်။ အဆက်အသွယ် ကောင်းတဲ့ လူတွေက ဘီအိုစီ (ယခုမြန်မာ့ရေနံ) စတီးဘရားသား၊ ဘုံဘေဘားမား အစရှိတဲ့ နိုင်ငံခြားကုမ္ပဏီမှာ အလုပ်ကောင်း ရကြတယ်။
တချို့လည်း သူတို့ဆယ်တန်းအောင်ခဲ့တဲ့ ကျောင်းသား/သူ တို့ကို ဆရာအဖြစ် ပြန်ခေါ် ပါတယ်။ အဲဒီအချိန်မှာ ပါပါ့သူငယ်ချင်း မိတ်ဆွေ ဦးဝီ(လ)ဆင်သိန်းက ထောင်မှူး သင်တန်း တက်ရောက်နေပါတယ်။ နောက်ပိုင်း သူ အကောက်ဌာနသို့ ကာကွယ်ရေး အရာရှိအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ပါတယ်။ ပါပါတော့ တရုံးဝင် တရုံးထွက်၊ တကုမ္ပဏီဝင် တကုမ္ပဏီ ထွက်ဆိုသလို အလုပ် ရှာနေရပါတယ်။ ဒီရုံးမှာ ရနိုးနိုး၊ ဟိုကုမ္ပဏီမှာ ရနိုးနိုးနဲ့ သွားလာနေရတယ်။
အလုပ်ရှာပုံတော်ဖွင့်ပြီး နှစ်လအကြာမှာ ပါပါ ဘီအိုစီမှာ အလုပ်ရပါတယ်။ ရန်ကုန်မှာ မဟုတ်ပါ။ သန်လျင် ဘီအိုစီမှာ ဖြစ်ပါတယ်။ စာရေးအလုပ်ဖြစ်ပြီး လခ တလ ၅ဝိ ဖြစ်ပါတယ်။ ဘီအေအောင်ပြီး တလ ၅ဝ ရတဲ့ စာရေးအလုပ်ကို ဝင်လုပ်တော့ မေးငေါ့ခံရပါတယ်။ ဘီအေဈေး ဖျက်တယ် ဆိုပြီး အပြောခံရပါတယ်။ ပါပါ့အနေနဲ့ အရေးမစိုက်ပါ။ ပါပါ့ဆောင်ပုဒ်က ‘အလုပ်ဟူသ၍ ဂုဏ်ရှိသည်’ လုပ်အားတန်ဖိုး ချစ်မြတ်နိုးပင်ဖြစ်ပါတယ်။
သန်လျင်မှာ နေ့စဉ် ဦးရွှေဘုန်း၊ ဒေါ်သက်ရွှေတို့အိမ်မှာ မိတ်ဆွေတယောက်၏ စီစဉ်ပေးချက်အရ ထမင်း လခပေးပြီး နေပါတယ်။ ဦးရွှေဘုန်းနှင့် ဒေါ်သက်ရွှေတို့မှာ သားသမီး ၄ ယောက်၊ မိန်းကလေး ၂ ယောက်နှင့် ယောက်ျားကလေး ၂ ယောက် ရှိပါတယ်။ သမီးအကြီးဆုံးဟာ ကျောင်းထွက်ပြီး အိမ်မှာပဲနေပြီး သူ့အမေအလုပ်ကို ဝိုင်းကူလုပ်ပါတယ်။ သမီးအငယ်ကတော့ ဆယ်တန်းမှာ နေပါတယ်။ သား ၂ ယောက်လည်း ကျောင်းနေကြပါတယ်။ အဲဒီအချိန်မှာ ဦးရွှေဘုန်းဟာ သီလဝါ ရေနံချက်စက်ရုံမှာ အလုပ် လုပ်ပါတယ်။ သူ့အိမ်သို့ တလ တခါနှစ်ခါ ပြန်လာတတ်ပါတယ်။
ဦးရွှေဘုန်း - ဒေါ်သက်ရွှေတို့အိမ်ဟာ ဘီအိုစီရုံးနှင့် အလှမ်းနည်းနည်း ဝေးတော့ ပါပါ အလုပ်တက် လွယ်ကူရန်အတွက် စက်ဘီးအဟောင်းတစီး ဝယ်ပါတယ်။ အလုပ်ချိန်ဟာ မနက် ရ နာရီမှ ၁၁ နာရီ၊ မွန်းလွဲ ၁၂ နာရီမှ ၄ နာရီ ဖြစ်ပါတယ်။ စနေနေ့မှာ နေ့တဝက်ပဲ တက်ရပါတယ်။ စနေနေ့တိုင်း ပါပါ ရန်ကုန်ပြန်လည်ပြီး တနင်္ဂနွေညနေမှ ပြန်လာပါတယ်။
ရန်ကုန်ပြန်ရောက်တိုင်း အသိမိတ်ဆွေအိမ် သွားပြီး အလုပ်အကိုင် အကြောင်းတွေကို စုံစမ်း မေးမြန်းပါတယ်။ သန်လျင်ဘီအိုစီရုံးမှာ ပါပါ စာရင်း အင်း အလုပ်လုပ်ရပါတယ်။ အဲဒီတုန်းက အစိုးရရုံးတွေမှာ လဆန်းတရက်နေ့မှာ လခထုတ်ပေးပါတယ်။ ဘီအိုစီမှာတော့ လကုန်တဲ့နေ့မှာ ထုတ်ပေးပါတယ်။ တခြားကုမ္ပဏီတွေမှာလည်း လကုန်တဲ့နေ့မှာ ထုတ်ပေးကြောင်း သိရှိရပါတယ်။
စာရင်းအင်းဌာနမှ စာရေးတွေဟာ အလုပ်သမားလစာတွေကို စက္ကူအိတ်ထဲမှာ ထည့်ထားပေးရတယ်။ လခထုတ်ပေးတော့ အလုပ်သမားတွေကို တယောက်စီ နာမည်ခေါ်ပြီး ထုတ်ပေးပါတယ်။ (၁၉၄ရ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးနောက်၊ ပါပါ စက်မှု နှင့် အလုပ်သမားဌာန ဝန်ကြီး ဖြစ်တော့ သန်လျင် ဘီအိုစီကို သွားကြည့်ရှုလိုကြောင်း ရန်ကုန်မြို့၊ ဘီအိုစီ ဌာနချုပ် အင်္ဂလိပ်အမျိုးသား အထွေထွေ မန်နေဂျာကို ပါပါ့အတွင်းဝန်က အကြောင်းကြားပါတယ်။
ပါပါသွားတဲ့နေ့မှာ အထွေထွေမန်နေဂျာပါလိုက်ပြီး သန်လျင်ရောက်တော့ ဘီအိုစီ သင်္ဘောဆိပ်မှာ ဆိုက်ပါတယ်။ သန်လျင်ဘီအိုစီရုံး ရောက်တော့ ပါပါ စာရေးလုပ်ခဲ့တဲ့ ရုံးခန်းကို သွားပါတယ်။ လုပ်ဖော် ကိုင်ဖက် ခပ်များများကို ပါပါ ပြန်တွေ့ရပါတယ်။ သူတို့အားလုံး ဝမ်းသာကြပါတယ်။ ဒီတော့ကြမှ ဘီအိုစီ အထွေထွေမန်နေဂျာက ပါပါ သန်လျင်ဘီအိုစီမှာ အလုပ်လုပ်ခဲ့ဖူးကြောင်း သူ သိပါတယ်။)
သန်လျင် ဘီအိုစီမှာ ပါပါ ၄ လ ကြာပါတယ်။ ရန်ကုန်ဘဏ္ဍာရေးမင်းကြီးရုံးမှာ အထက်တန်းစာရေး အလုပ်ကို ရရှိတဲ့အတွက် ရန်ကုန်သို့ ပြန်ပြောင်းလာရတယ်။ ပါပါ့မိတ်ဆွေတယောက် အကြောင်းပြုပြီး ဘဏ္ဍာရေးမင်းကြီးရုံးမှာ အထက်တန်းစာရေးအဖြစ် အမှုထမ်းဆောင်တဲ့ ဦးစောရွှေနီနှင့် သိခွင့်ရပါတယ်။ (လွတ်လပ်ရေးရပြီးနောက် ဦးစောရွှေနီဟာာ၊ ကရင်ပြည်နယ်ဝန်ကြီးဌာနမှာ အတွင်းဝန်ကလေးအဖြစ် အမှုထမ်းခဲ့ပါတယ်။ ယခု ကွယ်လွန်သွားပြီ) ပါပါ သန်လျင်မှာ နေစဉ် ရန်ကုန်သို့ စနေနေ့တိုင်း ပြန်လာတဲ့အခါမှာ ဦးစောရွှေနီက သူတို့ရုံးမှာ အထက်တန်းစာရေးနေရာ လစ်လပ်ကြောင်း ပါပါ့ကို ပြောပါတယ်။ ပါပါလည်း လိပ်စာကို ဦးစောရွှေနီမှတဆင့် ပေးပြီး အဆိုပါ အလုပ်ကို လျှောက်ပါတယ်။
အဲဒီအချိန်မှာ ဘဏ္ဍာရေးမင်းကြီးနဲ့ ၎င်း၏အတွင်းဝန်ဟာ အင်္ဂလိပ်လူမျိုး ဖြစ်ပါတယ်။ ပါပါရဲ့လိပ်စာကို ဦးစောရွှေနီမှ တဆင့်ပေးထားတဲ့အတွက် အတွင်းဝန်က ဦးစောရွှေနီကို ပါပါနဲ့ ဘယ်လိုတော်သလဲလို့ ခေါ်မေးပါတယ်။ ဦးစောရွှေနီက သူ့တူတော်တဲ့အကြောင်း ပြန်ပြောတော့ အတွင်းဝန်က ပါပါ့ကို အလုပ်ခန့်တဲ့အကြောင်း အမိန့်ချလိုက်ပါတယ်။ အမှန်ဆိုလျှင် ဦးစောရွှေနီနှင့် ပါပါဟာ ဘယ်လိုမှ မတော်စပ်ပါ။ ဦးစောရွှေနီကြောင့် ပါပါအလုပ်ရတဲ့အတွက် ဦးစောရွှေနီကို ပါပါ ေကျေးဇူးတင်မဆုံး ဖြစ်ပါတယ်။
ဘဏ္ဍာရေးမင်းကြီးရုံးအလုပ်ဟာ အခွန်ဘဏ္ဍာနဲ့ ပတ်သက်တဲ့အလုပ်တွေ ဖြစ်ပါတယ်။ မြေခွန်၊ အကောက်ခွန်၊ ယစ်မျိုးခွန်၊ အင်းခွန်း၊ ဆားခွန်၊ အမြတ်တော်ကြေး အစရှိတဲ့ အခွန်မှန်သမျှ သတ်မှတ် စည်းကြပ်ခြင်း ဖြစ်ပါတယ်။ ပါပါဘဏ္ဍာရေး မင်းကြီးရုံးမှာ လုပ်စဉ် လယ်နှင့် မြေယာဌာနခွဲနှင့် အထွေထွေဌာနခွဲမှာ လုပ်ခဲ့ရပါတယ်။
လယ်မြေ အခွန်စည်းကြပ်တဲ့နည်းဟာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ခွဲခြားပြီး စည်းကြပ်ပါတယ်။ ၎င်းနည်းတူ ယာမြေ၊ ခြံမြေလည်း အဆင့်အတန်း ခွဲခြားပြီး အခွန်စည်းကြပ်ပါတယ်။ ကွင်းဆင်းပြီး လယ်မြေ၊ ယာမြေ အဆင့်အတန်း ခွဲခြားသတ်မှတ်တဲ့ အလုပ်ကို ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးဌာနမှ အရေးပိုင် (ခရိုင်ဝန်)အဆင့်ရှိ အရာရှိကြီးများ ဖြစ်ပါတယ်။
အဲဒီလို ကွင်းဆင်းပြီး လယ်မြေ၊ ယာမြေ အဆင့်အတန်း သတ်မှတ်တဲ့အလုပ်ဟာ ကြေးတိုင်စိုက်တယ် လို့ ခေါ်ပါတယ်။ အနှစ် နှစ်ဆယ် အစိတ်မှ တကြိမ် ကြေးတိုင်စိုက်ပါတယ်။ ပထမအကြိမ် ကြေးတိုင် စိုက်ပြီး သတ်မှတ်ထားတဲ့ အခွန်နှုန်းကစ နောက်တကြိမ် ကြေးတိုင်စိုက်ပြီးမှ ပြုပြင် ပြောင်းလဲနိုင်ပါတယ်။ လယ်မြေ၊ ယာမြေတချို့ဟာ ကြေးတိုင်စိုက်ရန် ကွင်းဆင်း စစ်ဆေးကြည့်ရှုတဲ့အခါ အကောင်းစား လယ်မြေဖြစ်နေတဲ့အတွက် ပထမတန်း လယ်ယာမြေအဖြစ် အခွန်နှုန်း သတ်မှတ် စည်းကြပ်ခံရပြီး နောက် လေး ငါးနှစ်ကြာ မြေညံ့ဖြစ်သွားသော်လည်း နောက်ထပ် ကြေးတိုင် မစိုက်မီ ပထမတန်း အခွန်နှုန်းပဲ ဆက်လက်ထမ်းဆောင်နေရကြောင်း ပါပါ တွေ့ရပါတယ်။
ပါပါဘဏ္ဍာရေးမင်းကြီးရုံးမှာ အလုပ်လုပ်စဉ် အကောက်ခွန်ဌာနမှာ အလုပ် နှစ်ကြိမ် လျှောက်ဖူးပါတယ်။ ပထမအကြိမ်ဟာ ယာဖြတ်အလုပ် ဖြစ်ပါတယ်။ လက်ထောက် အကောက်ခွန်မင်းကြီး (ရာဖြတ် ဆိုင်ရာ) နှင့် လူကိုယ်တိုင် သွားရောက် အစစ်ဆေး မေးမြန်းခံရပါတယ်။ လက်ထောက်မင်းကြီးဟာ သူ စစ်ဆေးမေးမြန်းပြီး သူကြိုက်နှစ်သက်တဲ့လူတွေ နောက်ဆုံး အစစ်ဆေးမေးမြန်းခံရန် မင်းကြီးထံ နာမည်တင်ပြပါတယ်။ ပါပါ့အနေနဲ့ ပြုတ်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီတုန်းက လက်ထောက်မင်းကြီးဟာ မြန်မာအမျိုးသား အိုင်စီအက် (စ) ဖြစ်ပါတယ်။
(စာမူက ဒီမှာ ဆုံးပါတယ်။ နောက်ဆက်တွဲ အပိုင်းများကို လက်ခံရရှိသည့်နှင့် ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်)