ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၉)
မေ့ကွက်ကိုရှာ
မာမာအေး
ဇန်နဝါရီ ၁၁၊ ၂၀၀၉
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ မာအေးလည်း ဟိုသွားဒီသွား ခရီးကြားမှာမို့ ရေဒီယိုနား မကပ်နိုင်တာကြာပြီ။ အိမ်ပြန်ရောက်တော့ မာအေးတို့ ဘီဘီစီ ပရိသတ်ထဲက အမကြီးတယောက် အသံသွင်းထားခဲ့တဲ့ တယ်လီဖုန်းသတင်း အရင်ဖွင့်ဖြစ်ခဲ့ပါတယ်။ ‘မာအေးရေ - ကျေးတမာကဏ္ဍမှာ မေ့ကွက်ကိုရှာအကြောင်း မေးထားတာ ကြားလိုက်တယ်။ ခရီးသွားမှန်းသိလို့ပြန်ဖွင့်ကြည့်ဖြစ်အောင် သတိပေးတာပါ – ဘိုင်းဘိုင်း’ တဲ့၊ ကျေးဇူးပါပဲရှင်၊ ခုတော့ နားထောင်လိုက်ပါပြီ။
မာအေးသုံးနေတဲ့ ကွန်ပျူတာကလဲ ပိတ်ထားခဲ့တာကြာတော့ ဂဂျိုး ဂဂျောင် လုပ်တယ်ရှင့်။ ဘီဘီစီက ဝယ်ပေးထားတာ လေးနှစ်လောက် ရှိပြီကိုး ရွဲပြီပေါ့။ သူ့ကို up date တိုးတိုးလာလို့ ရတာပဲ တော်သေးရဲ့။ ပြီးခဲ့တဲ့ (၁၄)ရက်နေ့ ‘ကျေးတမာ’မှာ မေးလာသူက ‘ဂျက်ဂျက်’တဲ့ ရှင်။ မာအေးတို့နိုင်ငံ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ‘လဲကန်ကျေးရွာ’ ကနေပြီး ရေးလိုက်တဲ့စာပါ။ စာရဲ့ရှေ့ပိုင်းမှာ အသံဖမ်းယူရတာ မကြည်လင်တဲ့ကိစ္စကို ပြောပါတယ်။
နောက်တပိုင်းမှာကျတော့ သူသိပ်ကြိုက်တဲ့ ‘မေ့ကွက်ကိုရှာ‘ ဆိုဖြစ်ပုံအကြောင်း၊ ဘာကြောင့်ဆိုဖြစ်တယ် ဆိုတာ ပြောပြခိုင်းတာပါ၊ နည်းနည်းလောက် အလွမ်းပြေလေး ပြန်ဆိုပြပေးပါ ဆိုတာလည်း ပါသေးရှင့်။ ညီမတော် ရွှေကျေးကလည်း ကျေးဇူးတင်ကြောင်း မာအေးကိုယ်စား ပြောပေးသွားတယ်၊ ပြောပြလိုက်မယ်လို့လည်း ဝန်ခံလိုက်တာ ကြားရတယ်။ နာမည်က ‘ဂျက်ဂျက်’ တဲ့ အတော် ထက်မယ့် ကျေးလက်သူလေး ဖြစ်မှာပါ၊ ဘီဘီစီကို ရောက်အောင် စာပို့တတ်တာ ကြည့်ရင် သိနိုင်နေပြီပဲ၊။
ပုလဲ’ မြို့နယ်ဖက်တော့ မရောက်ဖြစ်ခဲ့ပါဘူး၊ ‘ပုလဲ’ကနေပြီး အဆိုပညာ ဆင်းလာ သင်ယူခဲ့တဲ့ ရီရီသန့်တို့ မာအေးတို့ တပည့်မ ‘ကြည်ကြည်ဝင်း’ ပြောပြတဲ့ ပုလဲနယ်အကြောင်းတော့ ကြားဖူးခဲ့ပါတယ်။ ကဲ တူမလေး ‘ဂျက်ဂျက်’ ‘မေ့ကွက်ကိုရှာ’ ဆိုဖြစ်တာက ရေဒီယိုအသံလွှင့်ဖို့အဓိကပါ။
ပြန်ပြောရမယ်ဆိုရင် ၁၉၆ဝ ခုနှစ်တုန်းက အန်တီအေးတို့ ရင်းနှီးတဲ့ ဂီတလူတစုဟာ ပါမောက္ခဦးအေးမောင် ရေးဖွဲ့ခဲ့တဲ့ ကေသီပန် ဆိုတဲ့ နာမည်ကျော် ကဗျာတပုဒ်ရဲ့ နာမည်ကိုယူပြီး ကာလပေါ်တီးဝိုင်းကြီးတဝိုင်း အသံလွှင့်ရအောင် ဖွဲ့စည်းခဲ့ကြတယ်။ အဆိုကျော်ကိုမြကြီးရဲ့ ‘ဂီတဗိမ္မာန်’ တီးဝိုင်းနေရာကို ပြောင်းယူခဲ့ရတာပါ၊ ဘယ်သူတွေ ပါကြသလဲ ဆိုတော့ စန္ဒရားချစ်ဆွေ၊ ကိုမြကြီး၊ မောင်မောင်ကြီး၊ ခင်မောင်လွင်၊ ထားနဲ့ မာမာအေးပေါ့ကွယ်။ သီချင်းရေးပေးမှာက မင်းသားကြီးမြတ်လေးနဲ့ ကိုလေးညွန့်ပါ။ ပြည်လမ်း အသံလွှင့်ရုံသစ်ကြီး ဖွင့်ခါစပါ၊ တိတ်ကြိုးခွေနဲ့ ကြိုတင် အသံသွင်းပြီးမှ အသံလွှင့်တဲ့စနစ်ကလည်း အဲဒီကျတော့မှ စခဲ့တာပါ။
အန်တီအေးက သမီးဦးကိုယ်ဝန်အရင့်အမာနဲ့မို့ ပထမဆုံး အသံလွှင့်ရာမှာ အတူလွှင့်နိုင်အောင် စောင့်ခဲ့ကြရပါတယ်။ ဒါကြောင့်မို့ စက်တင်ဘာလ နောက်ဆုံးပတ်မှာမှ အမှတ်(၂၁) ဝင်ခါမီယာခရက်ဆင့် က အသံလွှင့်ရုံဟောင်းမှာ ကြိုတင် အသံသွင်းပြီးတော့ အောက်တိုဘာလထဲမှာ အသံလွှင့်ရုံသစ်ကနေ အသံလွှင့်ခဲ့ပါတယ်။
သားသည်အမေ လေပျော့ချိန်နဲ့ သီချင်းက အလွမ်းစာ လိုက်ဖက်သွားလို့ ပို အားကောင်းသွားတာဖြစ်မှာပါ။ ကံကလည်း ပါချင်ပါနေဦးမှာပေါ့လေ။ တိုက်ဆိုင်ချင်တော့ ခလေးရဲ့ အဖေက ကောက်ကြီးကျ၊ တတောက်ကဆနဲ့ တလလောက် ခွဲနေကြတုန်းမှာ ‘ကေသီပန်’ အဖွဲ့အသံလွှင့်ရက် ကြုံပြန်တာကိုး။ ဒီသီချင်း ‘မေ့ကွက်ကိုရှာ’ကြောင့် မောင်ဘုရား ပြန်လာတယ်လို့ သတင်းကျော်တာ မဆန်းပါဘူးနော။ ဒီကိစ္စ တခါမေးတာ ကြုံလို့ ပြောပြပြီးပါပြီရှင်၊ သီချင်းကြောင့်မဟုတ်ပါဘူး၊ ကိုယ်တိုင် ဒူးထောက် လိုက်ခေါ်ရတာပါနော်၊ အကိုတော်ချစ်ဆွေတို့ အကိုမောင်မောင်ကြီးတို့တောင် အဆစ် ပါပါသေးတယ်။
တချိန်ထဲ အသံလွှင့်တာမှာ ‘တနေ့တော့ မောင်ပြန်လာမည်’ လည်း ပါခဲ့ပါတယ်။ အကိုလေးညွန့်ရေးတာကို ပထမဆုံး ဆိုဖြစ်တဲ့သီချင်းပဲ၊ လူကိုယ်တိုင် အဲဒီတော့မှ မြင်ဖူးတာ။ ဘာကြောင့်ရေးတာလဲ မမေးရဲသေးဘူးပေါ့၊ မာအေးတို့ ပြဿနာ မစခင်က ရေးထားကြတဲ့ သီချင်းတွေသာ ဖြစ်ပါတယ်။
အခုအသံနဲ့ အလွမ်းပြေ ဆိုပြလို့တော့ မရဘူး ဂျက်ဂျက်ရဲ့။ သီချင်းပုံစံကိုက အတီးမပါရင် ဆိုလို့မကောင်း၊ နားထောင်လို့ မကောင်းပါဘူးကွယ်၊ နောင် စင်ပေါ်ပွဲတွေ ဘာတွေမှာ ဆိုဖြစ်ရင် အသံဖမ်းထားခိုင်းပြီး ပြန်ဖွင့်ပြမယ်နော်။ ခုတော့ ‘မေ့ကွက်ကိုရှာ’ ငွေရတုနှစ်တုန်းက ပြန်ဆိုထားတဲ့အသံကို အချိန်ရသလောက် နားဆင် ကျေနပ်လိုက်ပါကွယ်။

July 22nd, 2010 at 12:42 am
Buy:Zocor.Female Cialis.Zetia.Lasix.Lipothin.Nymphomax.Advair.Aricept.Lipitor.Female Pink Viagra.Ventolin.Wellbutrin SR.Seroquel.SleepWell.Prozac.Buspar.Acomplia.Cozaar.Benicar.Amoxicillin….