နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၁)
ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ
ထိန်လင်း
ဇန်နဝါရီ ၁၁၊ ၂၀၀၉
စာပေအနုပညာဆိုတာ လူတွေရဲ့စိတ်နှလုံးကို တစုံတရာ ခံစားစေဖို့ ဖျော်ဖြေတင်ဆက်မှု သက်သက် မဟုတ်ဘဲ သက်ဆိုင်ရာ ခေတ်စနစ်တွေကို အထိုက်အလျောက် ထင်ဟပ်စေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ခေတ်ရဲ့ အငွေ့အသက်တွေကို အနုပညာသည်တွေရဲ့ ဖန်တီးမှုတွေမှာ တွေ့မြင်နိုင်သလို ခေတ်ကို လှုပ်နှိုးတဲ့သဘောတွေ၊ ခေတ်ကို ရှေ့ဆောင်တဲ့သဘောတွေလည်း ရှိပါတယ်။ အထူးသဖြင့် ဖန်တီးထားတဲ့ အနုပညာတွေက လူတွေအပေါ် လွှမ်းမိုးတဲ့သဘော၊ အငွေ့အသက် ကပ်ငြိတဲ့သဘောတွေ ရှိတတ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ စကား၊ သီချင်းထဲက စာသားတချို့က လူတွေနေ့စဉ်ပြောနေတဲ့ စကားရပ်ထဲ ဝင်ရောက်သွားတာ ဒီသဘောတွေပါပဲ။ ဒီလိုပဲ စာပေရဲ့ အငွေ့အသက်တွေကလည်း ခေတ်ကို လွှမ်းမိုးရှေ့ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။
တခါတလေမှာ အဲဒီလို အရှိန်အဝါ လွှမ်းမိုးမှုတွေက သက်ဆိုင်ရာ အနုပညာဖန်တီးခဲ့တဲ့ ခေတ်တစ်ခုတည်း မဟုတ်ဘဲ တခြားသော ခေတ်တွေမှာပါ လွှမ်းမိုးနိုင်တာတွေကိုတောင် တွေ့ရပါတယ်။
အများသိကြတဲ့အတိုင်း ၈၈ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေဟာ လူငယ်ကျောင်းသားတွေ ဖြစ်ပါတယ်။ လတ်တလောဖြစ်ရပ်တွေနဲ့ တိုင်းပြည်ရဲ့အတိတ်ဖြစ်ရပ်တွေ အခြေအနေတွေ ပေါင်းဆုံပြီး ပေါ်ပေါက်ခဲ့တဲ့ အဲဒီ အရေးတော်ပုံကြီးမှာ နိုင်ငံရေးအစဉ်အလာ ရှိသူများရဲ့ အတွေ့အကြုံ အယူအဆတွေက သွယ်ဝိုက်သော နည်းအားဖြင့် ပံ့ပိုးနိုင်သလို နိုင်ငံရေးစာပေတွေရဲ့ လွှမ်းမိုးမှုကလည်း မငြင်းနိုင်တဲ့အချက်ဖြစ်ပါတယ်။ အထူးသဖြင့် ချီဂွေဗားရား၊ ငုယင်ဗန်ထရွိုင်း၊ ကက်စထရို စတဲ့ နိုင်ငံတကာက တော်လှန်ရေးသမားတွေအကြောင်း ရေးထားတဲ့ စာပေတွေပါဝင်သလို မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာပေတွေလည်း ပါဝင်ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာပေတွေမှာတော့ ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ စာပေတွေက ရှေ့တန်းက ပါတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီစာပေတွေထဲမှာ မလွဲမသွေ ပါဝင်တာကတော့ တက်ဘုန်းကြီး သိန်းဖေ လို့ နာမည်ကျော်ခဲ့တဲ့ ဆရာ သိန်းဖေမြင့်ရဲ့ စာပေတွေပဲ ဖြစ်ပါတယ်။ ဆရာသိန်းဖေမြင့်ဟာ ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား စသဖြင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့သလို စာပေအရေးအသားပိုင်းမှာလည်း ခေတ်ကို လှုပ်ခတ်နိုင်အောင် ရေးသားနိုင်သူဖြစ်ပါတယ်။ အရေးအသား နိုင်နင်းတဲ့ စကားပြေဆရာ ဖြစ်သလို၊ ရသမြောက်အောင်လည်း ရေးသားနိုင်ပါတယ်။ ဝေဖန်ရေးစာပေ ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သလို၊ အတ္ထုပ္ပတ္တိစာပေ၊ ခရီးသွားစာပေများလည်း ရေးသားခဲ့ပြီး စာပေနဲ့ ခေတ်ကို ထင်ဟပ်စေခဲ့ပါတယ်။ ဗိုလ်တထောင်သတင်းစာကို တည်ထောင်ခဲ့တဲ့ သတင်းစာဆရာ ဖြစ်သလို ရုပ်ရှင်ဒါရိုက်တာ အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ဆရာသိန်းဖေမြင့်ကို အဖ မြေတိုင်းစာရေး ဦးဘ နဲ့ အမိ ဒေါ်မြင့်တို့က ၁၉၁၄ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာ့ရဲ့ ငယ်နာမည်က မောင်မြမောင်ဖြစ်ပြီး မုံရွာမြို့ အင်္ဂလိပ်-မြန်မာကျောင်း တက်ရောက်တဲ့အချိန်မှာ မောင်သိန်းဖေ အမည်ပြောင်းခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ ပထမဆုံးစာမူ ပုံနှိပ်ဖော်ပြခြင်းခံရပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့ ကလောင်အမည်တွေကတော့ တကောင်ကြွက်၊ တက္ကသိုလ်အကျော့၊ တက်ဘုန်းကြီး မောင်သိန်းဖေ၊ တက်ဘုန်းကြီး သခင်သိန်းဖေ၊ တက်ဘုန်းကြီးသိန်းဖေ၊ မောင်တူ၊ မောင်သိန်းဖေ၊ မောင်သိန်းဖေ (ဘီအေ)၊ ရဲဘော်ကျောက်လုံး၊ ဝနေက - ငဖေ ဘုတလင်၊ ဝနေ ငဖေ၊ ဝနေငဘေ - တက္ကသိုလ်၊ သိန်းနေနွယ်၊ သိန်းဖေ (‘ဘေ’ ဟု တခါတရံရေး)၊ သိန်းဖေမြင့်၊ ဦးကျောက်လုံး (တခါတရံ ဘုတလင် ထည့်) ဆိုတဲ့ အမည်တွေဖြစ်ပါတယ်။ သိန်းဖေမြင့်ဆိုတဲ့ ကလောင်အမည်ကို ဒုတိယအကြိမ် အဖမ်းခံခဲ့ရတဲ့ ၁၉၄၈-၄၉ ခုနှစ်အတွင်း ရေးသားခဲ့တဲ့ ‘လမ်းစပေါ်ပြီ’ဝတ္ထုမှာ စတင်သုံးစွဲခဲ့တာဖြစ်ပြီး ကလောင်အမည် ‘သိန်းဖေ’မှာ မိခင်ဖြစ်သူရဲ့ နာမည် ‘မြင့်’ကို ထည့်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကလောင်အမည်သာမဟုတ်ဘဲ အမည်ရင်းကိုလည်း သိန်းဖေမြင့် အဖြစ် ပြောင်းလဲခဲ့တယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။
၈၈ အရေးတော်ပုံ ကျောင်းသားလူငယ်တွေရဲ့ နိုင်ငံရေးအသိနိုးကြားစေတဲ့ ဆရာသိန်းဖေမြင့်ရဲ့ စာအုပ်တွေထဲမှာ ‘သပိတ်မှောက်ကျောင်းသား’နဲ့ ‘အရှေ့ကနေဝန်း ထွက်သည့်ပမာ’ စာအုပ်တွေ ပါဝင်ပါတယ်။ ဒီစာအုပ်တွေဟာ ကိုလိုနီခေတ် ဒုတိယ ကျောင်းသားသပိတ် ကာလကို ဇာတ်အိမ်ဖွဲ့ရေးသားထားတာဖြစ်ပြီး ဇာတ်ကောင်တွေက ကိုနု၊ ကိုအောင်ဆန်း၊ ကိုဘဟိန်း အစရှိတဲ့ ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါတယ်။ ဒီစာအုပ်တွေထဲမှာပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်အတွင်းက သပိတ်တိုက်ပွဲတွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေဟာ ပိုင်နိုင်တဲ့ အရေးအသားကြောင့် စာဖတ်သူကိုယ်တိုင် မြင်နေရသလို ပီပြင်လှပါတယ်။ စာအုပ်ထဲက ဇာတ်ကောင်တွေဟာ အပြင်မှာရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်သလို သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက သမိုင်းဝင် ဖြစ်ရပ်တွေဆိုတော့ ဖတ်ရှုရတဲ့ လူငယ်ကျောင်းသားအတွက် အားမာန်တွေ ရှိစေပါတယ်။ ဝတ္ထုတပိုင်း သမိုင်းအတ္ထုပ္ပတ္တိတပိုင်း ဖြစ်နေတဲ့အတွက်ကြောင့်လည်း လွတ်လပ်ရေးတိုက်ပွဲကာလကို မမီလိုက်တဲ့ လူငယ်တွေအဖို့ နိုင်ငံရေးအသိ၊ သမိုင်းမှတ်တမ်း ဗဟုသုတတွေ တိုးစေပါတယ်။
‘အရှေ့က နေဝန်းထွက်သည့်ပမာ’ဆိုတဲ့ ခေါင်းစဉ်ဟာ တို့ဗမာသီချင်းထဲက စာသားကို ယူထားတာမို့ ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ တို့ဗမာအစည်းအရုံး ကိုပါ တခါတည်း မြင်ယောင်သွားနိုင်ပါတယ်။ ‘သပိတ်မှောက် ကျောင်းသား’ ဆိုရင်လည်း နာမည်မှာတင် ဆွဲဆောင်မှုရှိနေတော့ ဖတ်မိတဲ့ကျောင်းသားက သူကိုယ်တိုင် သပိတ်မှောက်ကျောင်းသား ဖြစ်ချင်တဲ့စိတ် ဝင်သွားနိုင်ပါတယ်။ လူငယ်ဆိုတာကလည်း အတုယူတတ်တဲ့စိတ်ရှိသလို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့စိတ်ဓာတ်တွေ ရှိနေပါတယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရကို သူပုန်ထ တော်လှန်ခဲ့တဲ့ ကျောင်းသားတွေလို တော်လှန်ရေးတခုခုမှာ ပါဝင်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်လိုစိတ်တွေလည်း ဖြစ်ပေါ်ကိန်းအောင်းသွားပါတယ်။ ဒီစိတ်ဓာတ်တွေက တိုင်းပြည်ရဲ့ ယိုယွင်းတဲ့အခြေအနေတွေ၊ အာဏာပိုင်တွေရဲ့ မတရားမှုတွေနဲ့ ပေါင်းဆုံသွားတဲ့အခါ ကြီးမားတဲ့အုံကြွတော်လှန်ရေး အထိ ဖြစ်ပေါ်သွားပါတယ်။
၈၈ အရေးတော်ပုံ ကျောင်းသားခေါင်းဆောင်တချို့ကို မေးမြန်းကြည့်တဲ့အခါ ဒီလိုစာပေတွေရဲ့ အငွေ့အသက် သူတို့စိတ်ထဲမှာ ကိန်းအောင်းခဲ့တဲ့အကြောင်း ပြောပြဖူးပါတယ်။ ‘အရှေ့က နေဝန်းထွက်သည့်ပမာ’ စာအုပ်ကို ၁၉၅၈ ခုနှစ်မှာ စတင် ထုတ်ဝေခဲ့ပြီး အခုအချိန်ထိ အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ခဲ့တာမို့ အပြင်မှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။ ‘သပိတ်မှောက်ကျောင်းသား’စာအုပ်ကိုတော့ ၁၉၃၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ အကြိမ်ကြိမ် ထုတ်ဝေခွင့်မရတော့ပါဘူး။ စာအုပ်ကြောင့် ကျောင်းသားလူငယ်တွေ သူပုန်စိတ် ဝင်မှာစိုးလို့လား၊ သပိတ်မှောက်ကျောင်းသားတွေ အများအပြား ထွက်ပေါ်လာမှာစိုးလို့ ပိတ်ပင်ထားတာလား ဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲသိမယ့်ကိစ္စသာ ဖြစ်ပါတယ်။ ။
ထိန်လင်း (၄၊ ၁၊ ၂ဝဝ၈)
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
